မဂ္ဂဇင်း

[နိုင်ငံခြားသားများအတွက်] ဂျပန်မြို့များတွင် မောင်းနှင်နေသော တက္ကစီယာဉ်မောင်းများ၏ အဆင့်မြင့်ဝန်ဆောင်မှုနှင့် ဧည့်ဝတ်ပြုမှုစိတ်ဓာတ်

[နိုင်ငံခြားသားများအတွက်] ဂျပန်မြို့များတွင် မောင်းနှင်နေသော တက္ကစီယာဉ်မောင်းများ၏ အဆင့်မြင့်ဝန်ဆောင်မှုနှင့် ဧည့်ဝတ်ပြုမှုစိတ်ဓာတ်

၂၀၂၄ ခုနှစ် ဧပြီလမှစ၍ အထူးကျွမ်းကျင်လုပ်သားစနစ်တွင် မော်တော်ယာဥ်သယ်ယူပို့ဆောင်ရေးလုပ်ငန်းအား နေထိုင်ခွင့်အသစ်အဖြစ်ထည့်သွင်းခဲ့သည်။ သို့ပါ၍ တက္ကစီလုပ်ငန်းတွင် နိုင်ငံခြားသားအလုပ်သမားများအား ပိုမိုခေါ်ယူခန့်ထားလာနိုင်မည်ဖြစ်သည်။ ယခုဆောင်းပါးတွင်မူ တက္ကစီယာဥ်မောင်းဖြစ်လာရန် ရည်မှန်းထားသူများအတွက် ဂျပန်တက္ကစီယာဥ်မောင်းများပိုင်ဆိုင်ထားသည့် ဧည့်ဝတ်ပြုမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းဖော်ပြပေးသွားပါမည်။

၁။ တက္ကစီယာဥ်မောင်းတစ်ဦးအဖြစ်ခရီးသည်ဝန်ဆောင်မှုပေးရာတွင် ခက်ခဲသည့်အရာ

တက္ကစီယာဥ်မောင်းများ၏ အဓိကတာဝန်မှာ ခရီးသည်များလိုရာခရီးအား ဘေးကင်းလုံခြုံစွာပို့ဆောင် ပေးရခြင်းဖြစ်သည်။ သို့သော် ဝန်ဆောင်မှုပေးရသည့် အ‌ရေးကြီးသည့်ကဏ္ဍလည်းပါဝင်ပါသည်။ နေ့စဉ် ခရီးသည်များနှင့်ဆက်ဆံနေရသည့်အတွက် ခရီးသည်တစ်ဦးချင်းစီ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည့် ခရီးသည်ဝန်ဆောင်မှုစွမ်းရည်လည်း ပိုင်ဆိုင်ထားရန်လိုအပ်သည်။ ၎င်းသည်မှာ တက္ကစီယာဥ်မောင်းများအတွက် ခက်ခဲသည့်အရာတစ်ခုဟု ဆိုနိုင်ပါသည်။ ယာဥ်မောင်းစွမ်းရည် အရေးကြီးသော်လည်း ခရီးသည်ဝန်ဆောင်မှုညံ့ဖျင်းခြင်းသည် ခရီးသည် စိတ်ကျေနပ်မှုမရခြင်း၊ မကောင်းသည့်အကဲဖြတ်မှုများရရှိနိုင်ခြင်းနှင့် ခရီးသည်များနှင့် ပဋိပက္ခများ ဖြစ်ပေါ်စေနိုင်ခြင်းစသည်တို့ ကြုံတွေ့ရနိုင်ပါသည်။ သို့ပါ၍ ခရီးသည်ဝန်ဆောင်မှုအရည်အသွေးသည်လည်း အလွန်ပင် အရေးကြီးပါသည်။

၂။ ဂျပန်တက္ကစီယာဥ်မောင်းများ၏ ဧည့်ဝတ်ကျေပွန်မှုဆိုသည်မှာ

ဂျပန်တက္ကစီယာဥ်မောင်းအများစုမှာ အလွန်ကို ဧည့်ဝတ်ကျေပွန်သည့် ပရော်ဖက်ရှင်နယ်များဖြစ်ကြသည်။ ခရီးသည်များလိုရာခရီးအား ဘေးကင်းလုံခြုံသက်တောင့်သက်သာရှိစွာဖြင့် ပို့ဆောင်ပေးရုံသာမက ကောင်းမွန်သည့်ဝန်ဆောင်မှုကိုလည်း ဆောင်ရွက်ပေးပါသည်။ ဂျပန်တက္ကစီယာဥ်မောင်းများ၏ ဝန်ဆောင်မှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

              ၁။          နှုတ်ခွန်းဆက်ခြင်း

တက္ကစီယာဥ်မောင်းများအနေဖြင့် ခရီးသည်များနှင့် ဆက်ဆံရေးမှာ အထူးအရေးပါပါသည်။ ခရီးသည်များ၏ အမြင်ကို အလေးထားပြီး ခရီးသည်များအား နှုတ်ခွန်းဆက်ရန် ကြိုးပမ်းအားထုတ်ကြပါသည်။ ပထမဆုံးအမြင်သည် ကျေနပ်စရာဖြစ်ရန် အရေးကြီးပါသဖြင့် ခရီးသည်များအား တက်ကြွစွာနှုတ်ခွန်းဆက်ကြပါသည်။ ခရီးသည်နှင့် စကားပြောဆိုနေစဉ်တစ်လျှောက်လုံးမှာလည်း အပြုံးဖြင့်ဆက်တိုက်ပြောဆို ဆက်သွယ်နိုင်ရန် ကြိုးပမ်းကြပါသည်။ ခရီးသည်တက်ရောက်သည်မှ ထွက်ခွာချိန်အထိ ယဥ်ကျေးပျူငှာစွာဆက်ဆံပြီး ကောင်းမွန်သည့် ခရီးစဉ်ဖန်တီးပေးရန် ကြိုးပမ်းအားထုတ်ကြပါသည်။

              ၂။           နောက်ဖုံးအတွင်းသို့ ခရီးဆောင်အိတ်များကူညီသယ်ထည့်ပေးခြင်း

ကမ္ဘာလှည့်ခရီးသွားများမှာ အများအားဖြင့် ခရီးဆောင်အိတ်ကြီးများပါလေ့ရှိကြသည်။ သို့ပါ၍ ကားပေါ်မှဆင်း၍ ခရီးဆောင်အိတ်အားနောက်ဖုံးအတွင်းသို့ ထည့်လိုခြင်းရှိ မရှိ မေးမြန်းရန်လိုအပ်ပါသည်။ ခရီးသည်မှ ထည့်သွင်းလိုပါက မိမိက ဂရုတစိုက်ဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။ ကြီးမားလေးလံသည့် ခရီးဆောင်အိတ်များကို ကိုင်တွယ်ရန်မှာ ခက်ခဲနိုင်သော်လည်း အဆိုပါဝန်ဆောင်မှုမျိုးသည် တက္ကစီယာဥ်မောင်းကောင်းတစ်ဦးတွင် ရှိသင့်သည့် အ‌ရေးပါသည့်အရာဖြစ်ပါသည်။

              ၃။          ကားအတွင်းရှိ အပူချိန်အား ချိန်ညှိပေးခြင်း

ခရီးသည်တစ်ဦးချင်းစီအတွက် သက်တောင့်သက်သာဖြစ်စေနိုင်သည့် အပူချိန်မှာ ကွာခြားနိုင်ပါသည်။ သို့ပါ၍ မိမိအလိုရှိသည့် အပူချိန်ထားရှိခြင်းမဟုတ်ဘဲ ခရီးသည်၏ ဆန္ဒအလိုက်အပူချိန် ချိန်ညှိပေးရပါမည်။ "ယခု အပူချိန်အဆင်ပြေပါသလား ?" ဟူသော မေးခွန်းမျိုးမေး၍ ခရီးသည်လိုအပ်ချက်အတိုင်း ဆောင်ရွက်ပေးရပါမည်။ ကျန်းမာရေးသိပ်မကောင်းပုံပေါ်သည့် သို့ အေးနေပုံပေါ်သည့် ခရီးသည်များရှိပါက သက်တောင့်သက်သာရှိစေရန် ဆောင်ရွက်ပေးရပါမည်။

              ၄။          ခရီးသွားနေရာများနှင့် ဆိုင်များအား အကြံပြုမိတ်ဆက်ပေးခြင်း

တက္ကစီစီးကြသည့် ခရီးသည်အချို့မှာ ခရီးသွားနေရာများ သို့ ဆိုင်များကို ရှာဖွေနေသူများဖြစ်တတ်ပါသည်။ အဆိုပါသတင်းအချက်အလက်များပေးနိုင်သည့် ယာဥ်မောင်းများမှာ အလွန်အဖိုးတန်ပါသဖြင့် လူကြိုက်များသောနေရာများသာမက ဒေသခံ ထူးခြားသည့် ဆိုင်များကို သိရှိထားခြင်းမှာလည်း အထူး အရေးပါပါသည်။ ထိုကဲ့သို့ ပထဝီဝင်ဗဟုသုတများပိုင်ဆိုင်ထားခြင်းသည်လည်း တက္ကစီယာဥ်မောင်းများအတွက် အထူးပင် အကျိုးရှိစေမည် ဖြစ်သည်။

၃။ တက္ကစီကုမ္ပဏီများရှိ လေ့ကျင့်သင်တန်းများ

တက္ကစီကုမ္ပဏီအများစုသည် အတွေ့အကြုံမရှိသူများကို ခေါ်ယူခန့်ထားခြင်းဖြစ်ပါသဖြင့် ယာဥ်မောင်းခြင်း သို့ ခရီးသည်ဝန်ဆောင်မှုပေးခြင်းတို့နှင့် အကျွမ်းတဝင်မရှိသေးသူများအတွက်ပင်လျှင် အောင်မြင်နိုင်သည့် အခွင့်အရေးဖြစ်ပါသည်။ ကုမ္ပဏီများဘက်မှလည်း လေ့ကျင့်သင်တန်းအစီအစဉ်များ ဆောင်ရွက်ပေးပါသဖြင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စိုးရိန်နေသူများအနေဖြင့်လည်း စိတ်အေးနိုင်ပါသည်။ အဆိုပါ သင်တန်းများတွင် အခြေခံခရီးသည်ဝန်ဆောင်မှု၊ ခရီးသွားဆိုင်ရာအချက်အလက်များအစရှိသည့်တို့နှင့် စပ်လျဉ်းသည့် အမျိုးမျိုးသောဝန်ဆောင်မှုဆိုင်ရာ ‌လေ့ကျင့်ပေးမှုများပါဝင်ပါသည်။ သို့ပါ၍ ကုမ္ပဏီဝင်ရောက်ပြီးနောက်တွင် တိုးတက်လာမည်ဖြစ်ပါသည်။

အနှစ်ချုပ်

ဘယ်လိုပါသလဲ? ဂျပန်တက္ကစီယာဥ်မောင်းများ၏ ခရီးသည်ဝန်ဆောင်မှုနှင့်ပတ်သက်၍ မြင်ယောင်ကြည့်နိုင်ပါပြီလား?

ဂျပန်တက္ကစီယာဥ်မောင်းများသည် ခရီးသည်ဝန်ဆောင်မှုတွင် ပရောက်ဖက်ရှင်နယ်ကျသည်သာမက ဧည့်ဝတ်ကျေပွန်မှုလည်း အပြည့်ရှိ၍ ခရီးသည်များအား သက်တောင့်သက်သာရှိစေသည့်ခရီးစဉ်အား ဖန်တီးပေးနိုင်ပါသည်။ တက္ကစီယာဥ်မောင်းတစ်ဦး၏ တာဝန်သည် ဘေးကင်းလုံခြုံစွာယာဥ်မောင်းနှင်ခြင်းအပြင် ခရီးသည်ဝန်ဆောင်မှုအပေါ်လည်း အကောင်းဆုံး ဆောင်ရွက်ပေးရသည့်အတွက် နက်ရှိုင်းသည့် ဆွဲဆောင်မှုနှင့်အတူ ဘက်စုံကျွမ်းကျင်ရသည့် အလုပ်တစ်ခုဖြစ်သည်။

တက္ကစီယာဥ်မောင်းအဖြစ် ပထမဆုံးစတင်လုပ်ကိုင်ရာတွင် ခရီးသည်ဝန်ဆောင်မှုတွင် ချက်ချင်း ကျွမ်းကျင်မှုမရှိသည့်အခါ စိုးရိမ်စရာမလိုအပ်ပါ။ ခရီးသည်အမျိုးမျိုးနှင့်တွေ့ဆုံဆက်ဆံပြီး လက်တွေ့ဆောင်ရွက်ခြင်းမှတဆင့် သဘာဝကျကျတိုးတက်လာမည် ဖြစ်သည်။ကုမ္ပဏီအများစုသည် ဝန်ဆောင်မှုဆိုင်ရာ လေ့ကျင့်ပေးမှုများရှိပါသဖြင့် ကုမ္ပဏီသို့ဝင်ရောက်လုပ်ပြီးနောက် ဂျပန်နိုင်ငံဝန်ဆောင်မှုများကို သင်ယူခြင်းအားဖြင့် ကျွမ်းကျင်တတ်မြောက်လာမည်ဖြစ်ပါသည်။

စာရင်းသို့ပြန်သွားရန်