မဂ္ဂဇင်း

နိုင်ငံခြားသားများဖတ်ရမည့်အကြောင်းအရာ - တက္ကစီယာဥ်မောင်းအဖြစ်လုပ်ကိုင်ရန် အရေးကြီးသည့်အရာများ

နိုင်ငံခြားသားများဖတ်ရမည့်အကြောင်းအရာ - တက္ကစီယာဥ်မောင်းအဖြစ်လုပ်ကိုင်ရန် အရေးကြီးသည့်အရာများ

၂၀၂၄ ခုနှစ် ဧပြီလမှစ၍ ဂျပန်နိုင်ငံတွင် နိုင်ငံခြားသားအလုပ်သမားများအတွက် နေထိုင်ခွင်အသစ် အဖြစ် မော်တော်ယာဥ်သယ်ယူပို့ဆောင်ရေးလုပ်ငန်းအား အထူးကျွမ်းကျင်လုပ်သားစနစ်တွင် ထည့်သွင်းခဲ့သည်။ သို့ပါ၍ တက္ကစီလုပ်ငန်းတွင် နိုင်ငံခြားသားအလုပ်သမားများ ပိုမိုပါဝင်လာမည် ဖြစ်သည်။

တက္ကစီယာဥ်မောင်းတစ်ဦး၏တာဝန်သည် ခရီးသည်များ၏လိုရာခရီးအား ဘေးကင်းလျင်မြန်စွာ ပို့ဆောင်ပေးရခြင်းဖြစ်သည်။ သို့ရာတွင် သတိထားရမည့် အချက်များစွာရှိပါသည်။ ယခုဆောင်းပါးတွင် နိုင်ငံခြားသားအလုပ်သမားများအနေဖြင့် ဂျပန်နိုင်ငံတွင် တက္ကစီယာဥ်မောင်းအဖြစ်လုပ်ကိုင်ပါက သိရှိထားသင့်သည်များကို ရှင်းလင်းဖော်ပြပေးသွားပါမည်။

၁။ ဘေးကင်းလုံခြုံစွာမောင်းနှင်မှုအားဦးစားပေးဆောင်ရွက်ခြင်း

ဦးစွာအနေဖြင့် တက္ကစီယာဥ်မောင်းတစ်ဦးသည် ယာဥ်လမ်းစည်းကမ်းလိုက်နာရန်နှင့် အမြန်နှုန်းစောင့်ထိန်းရန်အရေးကြီးပါသည်။ ယာဥ်လမ်းစည်းကမ်းချိုးဖောက်မှုနှင့်အတူ အလုပ်ပါ ဆုံးရှုံးနိုင်သဖြင့် အထူးသတိပြုရန်လိုအပ်ပါသည်။

ခရီးသည်အများစုမှာ အလျင်လိုနေသောကြောင့် တက္ကစီအသုံးပြုခြင်းဖြစ်ပြီး ယာဥ်မောင်းအား အမြန်မောင်းနှင်ပေးရန် တောင်းဆိုသည်များလည်း ကြုံတွေ့ရနိုင်ပါသည်။ ထိုသို့သော အခြေအနေမျိုးတွင်မူ ဘေးကင်းလုံခြုံစွာမောင်းနှင်ရန်နှင့် ယာဥ်လမ်းစည်းကမ်းမချိုးဖောက်ရန်မှာ အလွန်ပင် အရေးကြီးပါသည်။ ဘေးကင်းရန်နှင့်စည်းကမ်းလိုက်နာရန် အမြဲဦးစားပေးရမည်ဖြစ်သည်။

ထို့အပြင် ခရီးသည်များသက်တောင့်သက်သာဖြစ်စေရေး မောင်းနှင်ရန်လည်းလိုအပ်သည်။ ဘရိတ်ကို ရုတ်တရက်အရှိန်ဖြင့်အသုံးပြုခြင်းအား ရှောင်ရှားပြီး အမြန်နှုန်းကို ဂရုပြုမောင်းနှင်ရမည်ဖြစ်သည်။ သက်တောင့်သက်သာရှိသည့် ခရီးစဉ်ဖြစ်စေရန် ဆောင်ရွက်ပေးခြင်းဖြင့် စွမ်းဆောင်ရည်မြင့်သည့် ယာဥ်မောင်းအဖြစ် အသိအမှတ်ပြုခံရမည်ဖြစ်သည်။  

၂။ မော်တော်ယာဥ်အား အမြဲ ဘေးကင်းစိတ်ချရပြီး သက်တောင့်သက်သာရှိသည့် အခြေအနေဖြစ်စေရန် ထိန်းသိမ်း‌‌ဆောင်ရွက်ခြင်း

တက္ကစီယာဥ်မောင်းများအနေဖြင့် မိမိတို့မော်တော်ယာဥ်အား ထိန်းသိမ်း‌စောင့်ရှောက်မှုအတွက် ဂရုပြုဆောင်ရွက်သင့်ပါသည်။ ပုံမှန်စစ်ဆေးမှုများ၊ အင်ဂျင်ဆီလဲလှယ်ခြင်းနှင့် တာယာစစ်ဆေးခြင်း စသည်တို့အား အမြဲဆောင်ရွက်သင့်ပါသည်။ မော်တော်ယာဥ်ဘေးကင်းပါက ခရီးသည်များလည်း စိတ်အေးချမ်းသာစွာ ဝန်ဆောင်မှုရယူနိုင်မည်ဖြစ်သည်။

ထို့အပြင် မော်တော်ယာဥ်အတွင်းပိုင်းကိုလည်း ခရီးသည်များသက်တောင့်သက်သာဖြစ်စေရန် ပြင်ဆင်ဆောင်ရွက်သင့်ပါသည်။ သန့်ရှင်းသပ်ရပ်မှုနှင့် အနံ့အသက်ကောင်းမွန်မှုအတွက် ဆောင်ရွက်ပါ။ အနံ့ဆိုးများကင်းစင်စေရန် အမွေးနံ့သာများ ဖြန်းခြင်း၊ သန့်ရှင်းရေးလုပ်ခြင်းပုံမှန် ပြုလုပ်ပေးပါ။ ခရီးသည်များသက်တောင့်သက်သာဖြစ်စေမည့် ပတ်ဝန်းကျင်ဖန်တီးရန်မှာ ပရော်ဖက်ရှင်နယ်ယာဥ်မောင်းတစ်ခုအတွက် အခြေခံဖြစ်သည်။

၃။ ပထဝီဝင်အသိပညာဗဟုသုတများလေ့လာခြင်း

ပထဝီဝင်ဗဟုသုတရှိခြင်းသည် တက္ကစီယာဥ်မောင်းအတွက် အရေးပါသည့်အရာတစ်ခုဖြစ်သည်။ ဘေးအကင်းဆုံးနှင့် အမြန်ဆုံးလမ်းကြောင်းအားရွေးချယ်နိုင်ရန်အတွက် ဒေသဆိုင်ရာပထဝီဝင်နှင့် လမ်းကြောများနှင့်အကျွမ်းတဝင်ရှိထားခြင်းသည် အရေးကြီးပါသည်။ မော်တော်ယာဥ်ရှိ လမ်းကြောင်းပြစနစ်အားအသုံးပြုနိုင်သော်လည်း ပထဝီဝင်အသိပညာများ ဆက်လက်လေ့လာနေခြင်းကိုလည်း ဆောင်ရွက်သင့်ပါသည်။

လမ်းများနှင့်အဆောက်အဦးများကို မှတ်သားထားခြင်းအပြင် အကောင်းဆုံးလမ်းကြောင်းကို ရွေးချယ်ဆုံးဖြတ်နိုင်စွမ်းသည်လည်း အ‌‌ရေးကြီးသည်။ ယာဥ်ကြောပိတ်ဆို့သည့်လမ်းကြောင်းထဲသို့ ရောက်ရှိသွားပါက ခရီးသည်လိုရာခရီးအား အမြန်ဆုံးပို့ဆောင်နိုင်မည်မဟုတ်ပါ။ သို့ပါ၍ ဒေသလမ်းကြောင်းအခြေအနေများနှင့် လမ်းပိတ်နိုင်သည့်လမ်းကြောများကို သိရှိထားခြင်းဖြင့် လျှင်မြန်အကျိုးရှိသည့် ဝန်ဆောင်မှုကို ပေးစွမ်းနိုင်မည်ဖြစ်သည်။

တက္ကစီကုမ္ပဏီအများစုတွင် ပထဝီဝင်အသိပညာဆိုင်ရာ‌လေ့ကျင့်ပေးမှုများရှိပါသဖြင့် နိုင်ငံခြားသားများအနေဖြင့်လည်း ရဲဝင့်စွာလုပ်ကိုင်ဆောင်ရွက်နိုင်ပါသည်။ ပထဝီဝင်အသိပညာမြင့်လာခြင်းသည် ယာဥ်မောင်းအရည်အချင်းကိုလည်း မြင့်မားစေပါသည်။

၄။ ယဥ်ကျေးပျူငှာသည့် ခရှီးသည်ဝန်ဆောင်မှုပေးခြင်း

တက္ကစီယာဥ်မောင်းခြင်းသည် ခရီးသည်အဓိက မှီခိုလည်ပတ်ရခြင်းဖြစ်သဖြင့် ခရီးသည်ဝန်ဆောင်မှုကို အလေးပေးဆောင်ရွက်ရန် လိုအပ်ပါသည်။

ခရီးသည်နှင့်ပြောဆိုဆက်ဆံရာတွင် နှုတ်ဆက်ခြင်းသည် အလွန်အရေးကြီးပါသည်။ ခရီးသည်များ ကားပေါ်တက်‌ရောက်သည့်အခါ ရွှင်လန်းတက်ကြွစွာနှုတ်ဆက်ပါ။ ပထမဆုံးအမြင်သည် အရေးပါပြီး နွေးထွေးသည့် အပြုံးသည် ကြီးမားသောအပြောင်းအလဲဖြစ်စေပါသည်။

ခရီးသည်အခြေအနေကို ဂရုတစိုက် အကဲခတ်ရန်မှာလည်း အရေးကြီးပါသည်။ ခရီးသည်များ ပူနေသည့်ပုံပေါ်ပါက အဲယားကွန်းဖွင့်ပေးခြင်း၊ လူကြီးများ သို့ ကျန်းမာရေးမကောင်းသည့် ခရီးသည်များဖြစ်ပါက အရှိန်လျှော့ပေးခြင်းအစရှိသည်တို့ကို လုပ်ဆောင်သင့်ပါသည်။ ထိုသို့ အလိုက်တသိ ဝန်ဆောင်မှုပေးခြင်းဖြင့် ခရီးသည်ပိုမိုရရှိနိုင်မည်ဖြစ်ပါသဖြင့် ခရီးသည်ဝန်ဆောင်မှု ကောင်းမွန်ခြင်းသည် တက္ကစီယာဥ်မောင်းများအတွက် အသက်ဖြစ်သည်ကို သတိပြုပါ။

၅။ အသွင်အပြင်သန့်ရှင်းသပ်ရပ်မှုရှိအောင် ထိန်းသိမ်းခြင်း

တက္ကစီယာဥ်မောင်းများသည် ယာဥ်အတွင်းပိုင်းသန့်ရှင်းမှုကိုသာမက အသွင်အပြင်သန့်ရှင်းသပ်ရပ်မှု ရှိရန်အတွက်လည်း ဂရုစိုက်သင့်ပါသည်။ တက္ကစီအတွင်းပိုင်းမှာ သက်တောင့်သက်သာဖြစ်နေစေသော်လည်း ယာဥ်မောင်း၏ အသွင်အပြင်သန့်ရှင်းသပ်ရပ်မှုမရှိပါက ခရီးသည်များအဆင်မပြေဖြစ်စေနိုင်ပါသည်။ အောက်ပါအချက်များကို ဂရုပြုလုပ်ဆောင်ရမည် ဖြစ်သည် -

  • ရှပ်အင်္ကျီကို တွန့်ကြေမနေ‌စေရန် ဆောင်ရွက်ပါ။

  • ကြယ်သီးများအပြည့်သေချာစွာတပ်ဆင်ပါ။

  • သန့်ရှင်းသော လက်အိတ်ဝတ်ဆင်ပါ။

  • ဆံပင်ကို သပ်ရပ်စွာဖြီးသိမ်းပါ။

  • မုတ်ဆိတ်၊ နှုတ်ခမ်းမွှေးစသည့် မျက်နှာအမွှေးအမျှင်များအား ရိတ်ပါ။

  • လိုအပ်ပါက ကုမ္ပဏီယူနီဖောင်းဝတ်ဆင်ပါ။

ခရီးစဉ်တစ်ခုမစတင်မီတိုင်း အသေးစိတ်ကို သေချာစွာဂရုစိုက်ခြင်းဖြင့် အသွင်အပြင်ကြောင့် အပျက်သဘောဆောင်သည့် အထင်အမြင်များ မရရှိစေနိုင်မည်ဖြစ်သည်။

၆။ အထူးကျွမ်းကျင်လုပ်သား "တက္ကစီယာဥ်မောင်း" အတွက် ကျွမ်းကျင်မှုစစ်ဆေးခြင်း

တက္ကစီယာဥ်မောင်းများ၏ ကျွမ်းကျင်မှုစစ်ဆေးခြင်းတွင် အောက်ပါတို့ပါဝင်ပါမည်။

အဆိုပါ စစ်ဆေးမှုသည် လျှောက်ထားသူအနေဖြင့် သက်ဆိုင်ရာမန်နေဂျာ၏ လမ်းညွှန်ကြီးကြပ်မှုအောက်တွင် အလုပ်မစတင်မီနှင့် အလုပ်ပြီးနောက်ယာဥ်စစ်ဆေးခြင်းများ၊ ဘေးကင်းလုံခြုံစွာမောင်းနှင်ခြင်း၊ နေ့စဉ်မှတ်တမ်းနှင့် ခရီးသည်များအားကိုယ်တွယ်ဖြေရှင်းဝန်ဆောင်မှုပေးခြင်းအစရှိသည့် လုပ်ငန်းများအား ဆောင်ရွက်နိုင်ခြင်းရှိမရှိအား အတည်ပြုစစ်ဆေးခြင်းဖြစ်သည်။ အကြောင်းအရာအနေဖြင့် အဆင့် ၂ ယာဥ်မောင်းလိုင်စင်ရေးဖြေစာမေးပွဲအပေါ်  အခြေခံထားပါသည်။ (အရင်းအမြစ် - တရားရေးဝန်ကြီးဌာန၊ "မော်တော်ယာဉ်သယ်ယူပို့ဆောင်ရေးနယ်ပယ်ရှိ အထူးကျွမ်းကျင်နေထိုင်ခွင့်အခြေအနေစနစ်အတွက် လုပ်ငန်းလမ်းညွှန်များ ")

အဆိုပါ အသေးစိတ်များအကြောင်းအရာများအပေါ်မူတည်၍ နားလည်နိုင်စွမ်းစစ်ဆေးရန်အတွက် ဥပမာမေးခွန်းများအား ဖန်တီးကြည့်ရအောင်။ အမှန် သို့ အမှား ဖြေဆိုရမည်ဖြစ်သည်။

မေး - တက္ကစီမောင်းနှင်နေချိန်အတွင်း ခရီးသည်၏တောင်းဆိုချက်အရ အရှိန်ကျော်လွန်မောင်းနှင်ရာတွင် ယာဥ်မောင်းအနေဖြင့် တာဝန်မရှိပါ။

ဖြေ - မှား

【ရှင်းလင်းချက်】အရှိန်ကျော်လွန်မောင်းနှင်ခြင်းသည် စည်းမျဉ်းချိုးဖောက်ခြင်းအဖြစ် ဥပဒေတွင်သတ်မှတ်ထားပါသည်။ တက္ကစီယာဥ်မောင်းအနေဖြင့် မည်သည့်အခြေအနေတွင်မဆို အရှိန်ကျော်လွန်မောင်းနှင်ခြင်းအတွက် တာဝန်ရှိသည်။

မေး - တက္ကစီနှင့်ဘတ်စ်ကားများကဲ့သို့သော လုပ်ငန်းသုံးယာဥ်များအား သုံးလတစ်ကြိမ် ပုံမှန်စစ်ဆေးရန်လိုအပ်သည်။

ဖြေ - မှန်

【ရှင်းလင်းချက်】လုပ်ငန်းသုံးယာဥ်များအား သုံးလတစ်ကြိမ်စစ်ဆေးထိန်းသိမ်းမှုပြုလုပ်ရမည် ဖြစ်သည်။ သုံးလတစ်ကြိမ် ဆောင်ရွက်ခြင်းမရှိပါက ယန်း ၃၀၀,၀၀၀ ထိရှိသော ဒဏ်ငွေကောက်ခံနိုင်သည် ဖြစ်ပါသဖြင့် ဂရုပြုရန်လိုအပ်သည်။

အနှစ်ချုပ်

ဘယ်လိုထင်ပါသလဲ? တက္ကစီယာဥ်မောင်းအဖြစ်လုပ်ကိုင်ရန် လိုအပ်သည့်အချက်များကို နားလည်သဘောပေါက်ပါပြီလား?

တက္ကစီယာဥ်မောင်းများအနေဖြင့် ခရီးသည်လိုရာခရီးအား ဘေးကင်းလုံခြုံစွာဖြင့် ပို့ဆောင်ပေးရမည်ဖြစ်သည်။ ထို့အပြင် ပရော်ဖက်ရှင်နယ်တက္ကစီယာဥ်မောင်းတစ်ဦးအနေဖြင့် ဘေးကင်းမှုအတွက်သာမက အသေးစိတ်အချက်အလက်များကိုလည်း ဂရုပြုကာ ခရီးသည်အတွက် သက်တောင့်သက်သာဖြစ်စေရန် ကြိုးစားနေရမည်ဖြစ်သည်။

အစမှာ အဆိုပါအသေးစိတ်အချက်အလက်အားလုံးကို အာရုံစိုက်လုပ်ကိုင်နိုင်ရန် ခက်ခဲနိုင်သော်လည်း တက္ကစီကုမ္ပဏီမှ အလုပ်ဝင်ရောက်ပြီးနောက် သက်ဆိုင်ရာလေ့ကျင့်သင်တန်းများပေးမည်ဖြစ်ပါသည်။ အဆိုပါသင်တန်းကာလအတွင်း တက္ကစီယာဥ်မောင်းတစ်ဦးနှင့်စပ်လျဉ်းသည့် အချက်များအားလုံးကို သင်ယူရမည်ဖြစ်ပါသည်။ နိုင်ငံခြားသားယာဥ်မောင်းများအနေဖြင့် တောက်ပ၍ တက်ကြွစွာဖြင့် တာဝန်ထမ်းဆောင်နေမည်ကို မျှော်လင့်မိပါသည်။

စာရင်းသို့ပြန်သွားရန်