မဂ္ဂဇင်း

နိုင်ငံခြားတိုင်းပြည်တစ်ခုတွင် ‌တောက်ပခြင်း: 'တက္ကစီယာဥ်မောင်းတစ်ဦး၏ တစ်နေ့တာ'!

နိုင်ငံခြားတိုင်းပြည်တစ်ခုတွင် ‌တောက်ပခြင်း: 'တက္ကစီယာဥ်မောင်းတစ်ဦး၏ တစ်နေ့တာ'!

၂၀၂၄ ခုနှစ် ဧပြီလမှစ၍ ဂျပန်နိုင်ငံတွင်အလုပ်လုပ်ကိုင်လိုသောနိုင်ငံခြားသားများအတွက် မော်တော်ယာဥ်သယ်ယူပို့ဆောင်ရေးလုပ်ငန်းအား အထူးကျွမ်းကျင်လုပ်ငန်းအောက်တွင် နေထိုင်ခွင့် အသစ်အဖြစ်ထည့်သွင်းခဲ့သည်။ သို့ပါ၍ တက္ကစီလုပ်ငန်းတွင် နိုင်ငံခြားသားအလုပ်သမားများအား ပိုမိုခေါ်ယူခန့်ထားလာနိုင်မည်ဖြစ်သည်။ ယခုဆောင်းပါးတွင် ဂျပန်နိုင်ငံရှိတက္ကစီယာဥ်မောင်းတစ်ဦး၏ နေ့စဉ်လုပ်ငန်းဆောင်တာများအား ဖော်ပြပေးသွားမည်ဖြစ်ပြီး တက္ကစီကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်လိုသည့် နိုင်ငံခြားသားများအနေဖြင့် အဆိုပါအလုပ်နှင့်ပတ်သက်၍ မြင်ယောင်ကြည့်နိုင်မည်ဖြစ်သည်။

တက္ကစီယာဥ်မောင်းများ၏ အလုပ်လုပ်သည့်ပုံစံ

တက္ကစီယာဥ်မောင်းတစ်ဦး၏ အလုပ်ခွင်သည် ညှိနှိုင်းလွယ်ပြီး အောက်ပါအတိုင်း အမျိုးအစား ၃ ခု ရှိပါသည်။

၁။    နေ့ဆိုင်း (မနက်အစောမှညနေအထိ)

၂။     ညဆိုင်းများ (ညနေမှ နောက်နေ့မနက်အထိ)

၃။    အလှည့်ကျအဆိုင်း (၂ ရက်စာအလုပ်အား အဆိုင်းတစ်ခုတည်းတွင်ဆောင်ရွက်ခြင်း ဖြစ်ပြီး နောက်တစ်နေ့တွင် အနားယူခြင်းဖြစ်သည်။ အလုပ်လုပ်ချိန်မှာ ၂၀ နာရီခန့်ဖြစ်သည်။ ဥပမာ မနက် ၈ နာရီမှ နောက်နေ့မနက် ၄ နာရီအထိအလုပ်လုပ်ပြီး အဆိုပါအလုပ်ချိန်ပြီးနောက် တစ်ရက်အား အနားယူခြင်းဖြစ်သည်။ အလုပ်ချိန်အတွင်း အနားယူချိန် စုစုပေါင်း ၃ နာရီရှိသည့် အနားယူချိန် ၃ ခါပါဝင်ပါသည်။ )

နေ့စဉ်တာဝန်

၁။          အလုပ်သို့ရောက်ရှိ

ရုံးသို့ရောက်ရှိပြီးနောက် ကုမ္ပဏီမှပေးသော ဝတ်စုံကိုပြောင်းလဲ၍ မိမိကိုယ်ကိုသန့်ရှင်းသပ်ရပ်စွာ ပြင်ဆင်ရပါမည်။ ခရီးသည်နှင့်တိုက်ရိုက်ဆက်ဆံရသည်ဖြစ်၍ အသွင်အပြင်သပ်ရပ်နေရန်မှာ အရေးကြီးပါသည်။

ပြီးနောက် အလုပ်တက်ရောက်မှုစစ်ဆေးပါမည်။ တာဝန်ရှိမန်နေဂျာမှ တစ်နေ့တာ၏ ရာသီဥတုအခြေအနေ၊ လမ်းအခြေအနေများနှင့် အလုပ်နှင့်သက်ဆိုင်သည့်မှတ်ချက်များအား ရှင်းလင်းပြောပြပါမည်။ ထို့နောက် ကျန်းမာရေးစစ်ဆေးမှုနှင့် အရက်သောက်ထားခြင်းရှိမရှိ စစ်ဆေးပါမည်။ အကယ်၍ ကျန်းမာရေးသိပ်မကောင်းပါက သို့ အရက်အနည်းငယ်မျှပင်သောက်ထားခြင်းကို သိရှိပါက ထို့နေ့တွင် မောင်းနှင်ခွင့်ပြုမည်မဟုတ်ပါ။ သို့ပါ၍ အထူးသတိပြုရန်လိုအပ်ပါသည်။

စစ်ဆေးမှုများတွင် အထူးပြသနာမရှိပါက ယာဥ်မောင်းအိုင်ဒီထုတ်ပေးမည်ဖြစ်ပြီး မိမိမောင်းနှင်ရမည့် တက္ကစီဆီသို့ သွားရောက်ရပါမည်။  

၂။           ယာဥ်စစ်‌ဆေးခြင်း

မတော်တဆမှုများကို ကာကွယ်ရန်အတွက် ယာဥ်စစ်ဆေးရန်မှာ အထူးအရေးကြီးပါသည်။ ယာဥ်အတွင်းရှိကိရိယာများ၊ ဘရိတ်၊ မီး၊ ဘတ်ထရီနှင့် အင်ဂျင်ဆီတို့တွင် ပြသနာရှိမရှိစစ်ဆေးပါ။

ပစ္စည်းများစစ်ဆေးခြင်းအပြင် ယာဥ်အတွင်းပိုင်းသန့်ရှင်းမှုစစ်ဆေးရန်လည်း လိုအပ်သည်။ တက္ကစီယာဥ်မောင်းတစ်ဦးအနေဖြင့် ခရီးသည်များအဆင်ပြေသက်တောင့်သက်သာရှိသည့် ပတ်ဝန်းကျင်အနေအထားအား ဖန်တီးပေးရန် အရေးကြီးသည်။

၃။          နေ့စဉ်တာဝန်စတင်ခြင်း

ယာဥ်ပေါ်တက်၍ သင့်၏တစ်နေ့တာတာဝန်အဆိုင်းကို စတင်ပြီးနောက် ခရီးသည်ရှာဖွေရမည် ဖြစ်သည်။ ဝန်ဆောင်မှုလမ်းကြောင်းများကို ယာဥ်မောင်းအား ဆုံးဖြတ်ခွင့်ပေးထားသည်။ ခရီးသည်အမျိုးအစားနှင့် အလုပ်ရနိုင်သောလမ်းကြောနေရာသည် နေ့အချိန်အပေါ်မူတည်၍ ပြောင်းလဲသောကြောင့် မည်သို့သောလမ်းမျိုးကအဆင်ပြေမည်ကို မိမိကိုယ်တိုင်သင်ယူဆောင်ရွက်ရန်မှာ အရေးကြီးပါသည်။

တက္ကစီဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ နည်း ၃ နည်းရှိပြီး အောက်ပါတွင် မိတ်ဆက်ဖော်ပြပေးပါမည် -

၁။    ဝန်ဆောင်မှုလမ်းကြောင်းအတွင်းမောင်းနှင်၍ ခရီးသည်ဝန်ဆောင်မှုပေးခြင်း
ခရီးသည်ရှာဖွေရင်း ဝန်ဆောင်မှုလမ်းကြောင်းအတွင်း မောင်းနှင်ခြင်းဖြစ်သည်။ တက္ကစီစီးလိုသော ခရီးသည်များမှာ လက်ပြ၍ငှားရမ်းလေ့ရှိပါသဖြင့် လမ်းကြောင်းအတွင်း မောင်းနှင်၍ ခရီးသည် ရှာ‌ဖွေသည့်နည်းလမ်းဖြစ်သည်။

၂။     ရပ်နားပုံစံဖြင့် ခရီးသည်ဝန်ဆောင်မှုပေးခြင်း

        ဘူတာရုံများ၊ လေဆိပ်များ၊ တက္ကစီမှတ်တိုင်များ နှင့် ကမ္ဘာလှည့်ခရီးသည်ရှိရာနေရာများတွင် ခရီးသည်စောင့်ဆိုင်းခြင်းဖြစ်သည်။ တက္ကစီများသည် အစဉ်လိုက်အတိုင်းစောင့်ဆိုင်းရခြင်း ဖြစ်ပြီး ခရီးသည်များသည်လည်း အစဉ်အလိုက်လိုက်ပါစီးနင်းခြင်းဖြစ်သည်။ အလုပ်များသောအချိန်များ သို့မဟုတ် နေရာများတွင် အငှားယာဉ်အများအပြား စောင့်ဆိုင်းနေနိုင်ပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရနိုင်ပါသည်။ ထို့ကြောင့် ဖြစ်နိုင်ချေရှိသော နှောင့်နှေးမှုများကို သတိပြုရန် အရေးကြီးသည်။

၃။    ခေါ်ယူသည်နေရာသို့ သွားရောက်၍ ဝန်ဆောင်မှုပေးခြင်း

        ဖုန်း သို့ ကြိုတင်ဘိုကင်မှတဆင့် ကားငှားလိုသောခရီးသည်များထံသို့ သွားရောက်၍ ဝန်ဆောင်မှုပေးခြင်းဖြစ်သည်။ ရုံးမှပေးပို့လာသော ညွှန်ကြားမှုခံယူ၍ ခရီးသည်ရှိရာနေရာသို့ သွားရောက်ရမည်ဖြစ်သည်။

        ယခုနှစ်ပိုင်းအတွင်း ကုမ္ပဏီအများစုသည် တက္ကစီခေါ်ယူနိုင်သည့် အက်ပ်များကို စတင်မိတ်ဆက်အသုံးပြုလာခဲ့ပြီး ခရီးသည်များအနေဖြင့် အဆိုပါ အက်ပ်များမှ တက္ကစီ ခေါ်ယူငှားရမ်းနိုင်၍ အချက်အလက်များသည် ယာဥ်မောင်းထံသို့ တိုက်ရိုက်ရောက်ရှိသည် ဖြစ်သည်။ အဆိုပါအချက်အလက်များကို ကြည့်ရှု့၍ ခရီးသည်ရှိရာနေရာသို့ ယာဥ်မောင်းများ သွားရောက်နိုင်သည်ဖြစ်သည်။

၄။          နေ့လည်စာ

အချိန်အတော်ကြာ ယာဥ်မောင်းနှင်နိုင်ရန်အတွက် အားအင်လိုအပ်ပါသည်။ အဆင်ပြေချောမွေ့စွာ နေ့လည်ခင်းယာဥ်မောင်းနှင်နိုင်ရန် နေ့လည်စာကောင်းမွန်စွာ စားသောက်၍ အားအင်ဖြည့်ရန် လိုအပ်သည်။ အလုပ်အခြေအနေပေါ်မူတည်၍ နေ့စဉ် သတ်မှတ်တူညီချိန်အတွင်း နေ့လည်စာ စားရန်အခက်အခဲရှိနိုင်ပါသဖြင့် ဖြစ်နိုင်ပါက အစားစားရန်အချိန်ကို သတ်မှတ်ရှာဖွေပါ။

၅။          အနားယူခြင်း

အလုပ်ချိန်ကြာမြင့်သည့် အလှည့်ကျအဆိုင်းများတွင် စုစုပေါင်း ၃ နာရီပါဝင်သည့် နားချိန် ၃ ကြိမ်သည် မဖြစ်မနေယူရမည်ဖြစ်သည်။ အဆိုပါနားချိန်အား မိမိစိတ်တိုင်းကြသတ်မှတ်နိုင်သော်လည်း ခရီးသည် ပိုမိုရရှိ၍ ဝင်ငွေပိုမိုတိုးစေရန်အတွက် ခရီးသည်နည်းသောအချိန်တွင် အနားယူသင့်သည်ဟု အကြံပြုလိုပါသည်။

ယာဥ်မောင်းများအနေဖြင့် ၎င်းတို့၏ အနားယူချိန်အား အစားစားခြင်း၊ အိပ်စက်ခြင်း သို့ အနားယူခြင်း စသဖြင့် အမျိုးမျိုးအသုံးပြုလျက်ရှိသည်။  အချိန်ကြာမြင့်စွာယာဥ်မောင်းရခြင်းဖြင့် အားအင်ချိနဲ့ပင်ပန်းခြင်း၊ အာရုံစူးစိုက်မှုကျဆင်းခြင်းကြောင့် မတော်တဆမှုကြုံတွေ့နိုင်သည့် အခြေအနေများရှိနိုင်ပါသည်။ သို့ပါ၍ မိမိအားအင်ပြန်လည်ဖြည့်ပေးနိုင်ရန်အတွက် အနားယူချိန်တွင် သေချာပေါက်အနားယူရန် လိုအပ်ပြီး နောက်တစ်နေ့အလုပ်ချိန်အတွက် ပြင်ဆင်သင့်ပါသည်။

၆။          ရုံးသို့ပြန်ခြင်း

တစ်နေ့တာတာဝန်အပြီးတွင် ကုမ္ပဏီရှိရာရုံးသို့ပြန်ရပါမည်။ မိမိမောင်းနှင်ခဲ့သည့် တက္ကစီအား ရုံးသို့ ပြန်လည်မအပ်ခင်တွင် မိမိနောက်တွင် မောင်းနှင်ရမည့် ယာဥ်မောင်းအတွက် ထည့်သွင်းစဉ်းစား၍ ဆီအပြည့်ဖြည့်ပေးရန် လိုအပ်ပါသည်။ ရုံးသို့ရောက်ရှိသည့်အခါ တာဝန်မပြီးဆုံးမီ မိမိတက္ကစီယာဥ်အား ဆေးကြောစစ်ဆေးရမည်။

အနှစ်ချုပ်

ဘယ်လိုထင်ပါသလဲ? တက္ကစီယာဥ်မောင်းတစ်ဦးရဲ့ တစ်နေ့တာဘဝကို မြင်ယောင်ကြည့်နိုင်ပါပြီလား?

အလုပ်အသစ်စတင်တဲ့ကာလအတွင်း အသားကျအောင်ဆောင်ရွက်ရမည်များရှိသဖြင့် အနည်းငယ် စိတ်ခေါ်မှုများရှိနိုင်သော်လည်း တက္ကစီကုမ္ပဏီများမှ အလုပ်နှင့်အသားမကျသေးသော နိုင်ငံခြားသား ဝန်ထမ်းအသစ်များအတွက် သက်ဆိုင်ရာ လေ့ကျင့်သင်တန်းများပေးမည် ဖြစ်ပါသည်။ စိုးရိမ်မှု သို့မဟုတ် မသေချာသောအချက်များရှိပါက သက်ဆိုင်ရာ အတွေ့အကြုံရှိစီနီယာများထံ အကြံဉာဏ်တောင်းဆိုမေးမြန်းနိုင်ပါသည်။ အောင်မြင်၍ ဝင်ငွေကောင်းသော ယာဥ်မောင်းတစ်ဦး ဖြစ်လာရန် မျှော်မှန်းလိုက်ပါ။

စာရင်းသို့ပြန်သွားရန်